Friday, July 22, 2011

ရွှေစင်ဦး ကြိုက်တဲ့ အရိုး ဆန်ပြုတ်

စာရေးသူ-ရွှေစင်ဦး
ကျနော် လည်း တရက် စာမရေးရရင် တရက် စားမဝင်၊ အိပ်မပျော် ဖြစ်နေတော့ ဒီနေ့ လည်း စာရေးအုန်းမှ ပါလို့...၊ အင်း ဘာအကြောင်း ရေးရကောင်း မလည်း.. အညာဟင်းလေး ချက်ရကောင်းမလား... အကယ်ဒမီ ဆုကြီး အသင်းတုပ် ရကောင်းမလား.. စဉ်းစားတယ်ခင်ဗျ...။

ဟင်းချက်တာနဲ့ ပတ်သက်ရင် ကျနော့် စိတ်ကိုသိတဲ့ ကျနော့် ဖေဖေ ပြောတာလေး သွားသတိရမိတယ်.. ကျနော် ဟင်းချက်တာ ကောင်းတယ်တဲ့ဗျ.. စားဘူးတဲ့ သူတိုင်းကလည်း ထောက်ခံကြတယ်.. ကျနော် ဟင်းချက်ပြီဆိုရင် ချက်ရမဲ့ ဟင်းကို လိုက်ပြီး ထည့် ရမဲ့ အစာပလာ အကုန်ပါမှ ချက်တယ်ဗျ.. ကျနော် ထည့် ချင်တာ မရရင် အဲဒီဟင်းဟာ မပြည့်စုံဘူးလို့ထင်တယ်..ဒါကြောင့် ကျနော် ချက်တဲ့ ဟင်းတိုင်းဟာ ကောင်းတယ်.. နောက်ပြီး ကျနော် ချက်ချင်တဲ့ စိတ်ရှိမှ ချက်တယ်..၊ စိတ်မရှိရင် မချက်ဘူးဗျ.. ။

အဲဒီတော့ ကျနော့် ဖေဖေက ပြောတယ် ရွှေစင်ဦး ဟင်းချက်တာကောင်းတယ်.. ဒါပေမဲ့ တနှစ်မှ တခါလောက် ချက်တော့ ဘယ်လိုလုပ်မလည်းတဲ့.. အဟဲ..မမေဓါဝီ ရေ ခဏ စောင့်ပါအုန်းနော်.. တနှစ်ပြည့် ဘို့ နဲနဲဘဲ လိုတော့တာပါ...။

ဟင်းတော့ ဒီနေ့ မချက်တော့ဘူး.. ဆန်ပြုတ်တော့ ပြုတ်မှ ဖြစ်မယ်ဗျ.. ကျနော် ချစ်အကိုကြီး ကိုကြီးကျောက်ကြီးလည်း ဖျားနေတယ်တဲ့.. နောက်ပြီး ချစ်ညီမ မိုမိဂျိ လေးလည်း သွားကိုက်လို့ တဲ့ဗျာ.. နှစ်ယောက်စလုံး အတွက် ဆန်ပြုတ် ပြုတ်ပေးပါမယ်..၊ ပြီးတော့ ဆန်ပြုတ်ကြိုက်တဲ့ ချစ် သော စာဖတ်သူများ အတွက် ရောပေါ့...။

ကျနော် ကြိုက်တဲ့ အစာ ထဲမှာ ဆန်ပြုတ်ပါတယ်ဗျ.. ၊ အိမ်မှာ ပြုတ်ရင်ပြုတ်သောက်.. ၊ ဒါမှမဟုတ် ဝယ်သောက်.. ကျနော် သောက်နေကြ ဆန်ပြုတ်ဆိုင်တွေက  အရင်တုန်းက ရတနာပုံ ရုပ်ရှင် ရှေ့က တွန်းလှည်း လေးနဲ့ ဆန်ပြုတ် ၊ ကျနော် သောက်တာကိုက အနှစ် ၂၀ ကျော်ပြီ.. သူ့ အရသာကတော့ ကြက်ပြုတ်ရေ နဲ့ ရိုးရိုးပါဘဲ.. ဒါပေမဲ့ ကျနော်က ဆန်ပြုတ်ထဲမှာ မုံကြွပ်ဖတ် မျှင်မျှင် လေး အကြွပ်ကြော်လေး ဖြူးပေးတာ ကြိုက်လို့ သောက်နေပါတယ်..။

နောက် တဆိုင် က ကောင်းမှကောင်း ဆန်ပြုတ်ပါ.. ၃၇ လမ်း ၈၂-၈၃ ကြား ထင်တယ်.. အဲဒီဆိုင်က ကြတော့ ကြက်ပေါင်းရေ ကို သီးသန့် ထားတယ်..၊ ဆန်ပြုတ် မှာမှ ကြက်ပေါင်းရေ ထဲ့ ပြီး ဆန်ပြုတ်ထဲ ထည့် ပေးပါတယ်..၊ ငုံးဥ၊ အသဲအမြစ် အကုန်ရတယ်..၊ အဲဒီဆိုင်မှာ စားတာလည်း နှစ် ၂၀ ကျော်ပါပြီ..၊ နောက်တဆိုင်ကတော့ ဆေးရုံကြီး နဲ့ မျက်နှာခြင်းဆိုင်က ဆန်ပြုတ် ဆိုင်ပေါ့ဗျာ..၊ ဒါပေမဲ့ အဲဒီဆိုင်ကတော့ တကယ် နေမကောင်းမှ ကျနော် ကြိုက်တဲ့ ဆိုင်တွေ မဖွင့်မှ သောက်တာပါ..၊ ဟိုဆိုင်တွေက ညနေပိုင်းမှ ဖွင့်တာဆိုတော့ မရှိသုံးလေး ပေါ့ဗျာ...။

ကျနော် အကြိုက်ဆုံးကတော့ ကျနော်ဘာသာပြုတ်တဲ့ ဝက်ရိုးဆန်ပြုတ် ဗျ...၊ ကျနော်က အရိုးဆန်ပြုတ် တော့ ကြိုက်တယ်.. ဒါပေမဲ့ ဈေးထဲမှာ ၀က်ရိုး ၀ယ်ရမှာတော့ ရှက်တယ်ဗျ.. ဒါကြောင့် ဆန်ပြုတ် သောက်ချင်ရင် အရင်ဆုံး ဝက်ရိုးကောင်းကောင်း လေး ရွေးဝယ်တယ်..၊ အရိုးဝယ်ရတာ ရှက်လို့ အသားအရင် ဝယ်ပြီးမှ အိမ်က ရွှေစင်ဦး လေး အရိုးကိုက်ရအောင် ဆိုပြီး အရိုးလေး သီးသန့်ဝယ်ရတယ်...။

ပြီးတော့ ငရုပ်ကောင်းစေ့..၊ ဒါလည်း ready made ထုတ်တွေ ရှိပေမဲ့ မသုံးဘူးဗျ.. ကိုယ်ဘာသာ လှော်ထည့် တယ်..၊ နောက်တခါ ဘဲဥ ဗျာ..၊ ကြက်သွန်ဖြူကြော်..၊ တရုပ်နံနံ .. ကဲ အား လုံးပြည့်စုံရင် စပြီဗျာ..။

ပေါ်ဆန်းမွှေး ဆန် နို့ဆီဗူး တလုံးလောက် ရေဆေးပြီးရင် မီးအေးအေးနဲ့ ဒယ်အိုးထဲ ဆန်ထည့်ပြီး လှော်တယ်.. နဲနဲလေး နီပြီး မွှေးလာပြီ ဆိုမှ အအေးခံထားတယ်..၊ အဲဒီအချိန်မှာ ဝက်ရိုး ကို ပဲငံပြာရည် တို့ ဂျင်းတို့ နဲ့ နှယ်ပြီး ပြုတ်လိုက်တယ်.. ဘဲဥပါ ရေစင်စင် ဆေးပြီး ပြုတ်တယ်..၊ ခဏနေ ကြတော့ ဆီစိမ်း ထဲမှာ ကြက်သွန်ဥလိုက် ကြက်သွန်ဖြူ အမြှောင်းလိုက် ဆီသတ်တယ် ဆီနဲနဲ ဘဲထည့်ရတယ် အရောင်တင် နနွင်း ဘာမှ မထည့်ရဘူး..၊ ကြက်သွန် အစိမ်း နံ မနံ အောင် ဆီသတ်တာဘဲ ဆီတွေလည်း ဆန်ပြုတ်အိုးထဲ မထည့်ရဘူး..၊ ကြက်သွန် တွေဘဲ ဆယ်ထည့်ရတယ်..။

အားလုံး အဆင့်သင့် ဖြစ်ရင် ခုန ဆန်လှော် တွေကို နဲနဲလေး ငရုပ်ဆုံထဲ ထည့်ထောင်း တပိုင်း ကြိုးလေးတွေ ဖြစ်သွားအောင် မထောင်းလည်း ရတယ် သူဘာသာ သူ ခဏနေ ကြေသွားရော..၊ အဲဒီ ဆန်လှော် တွေ ကို ရေထဲပြုတ်.. ခုန ၀က်ရိုး တွေနဲ့ ဝက်ရိုးပြုတ်ရေ တွေလည်း ထည့်..ကြက်သွန် ဖြူ နီတွေလည်းထည့် .. ပဲငံပြာရည် တို့ ဆားတို့ထည့် ပြီး ဝက်ရိုး မနူးမခြင်း ပြုတ်တော့ဗျာ...၊ သြ မေ့တော့ မလို့ ခုနက ဘဲဥပြုတ် တွေကို အခွံခွာပြီးတော့.. ပါးပါးလှီးပြီး ဆန်ပြုတ်ထဲ ထည့်လိုက်အုန်း..၊ ကျန်သေးတယ်ဗျ.. ဝယ်ထားတဲ့ ဝက်သားတွေထဲက ဟင်းမချက်ခင် မေမေ ဆီက ဒါးမြတိုက်ထားတဲ့ ဝက်သားပြုတ် တွေလည်း ပါးပါးလှီးထည့် လိုက်အုန်း...။

ဆံပြုတ်နံ တွေ မွှေးကြိုင်လာပြီဆိုရင် ငရုပ်ကောင်း လှော်မှုံလေး နဲ့ တရုပ်နံနံ ပင်လေး လှီးထည့် လိုက်အုန်းဗျ...၊ ကဲ.. ရွှေစင်ဦး အကြိုက်ဆုံး ဝက်ရိုး ဆန်ပြုတ်လေး ကျက်ပါပြီဗျ.....ချစ်သော စာဖတ်သူများ သုံးဆောင် နိုင်ပါပြီ...။

မေ့တော့ မလို့ဗျ... နေမကောင်းတဲ့ ကိုကြီးကျောက် နဲ့ မိုမိဂျိ လေး အတွက် တဂျိုင့်ဆီ ထည့်ပြီး အရင်ပို့လိုက်ကြအုန်းဟေ့.. ကိုကြီးကျောက် အတွက် ဟိုး..မော်ဒယ်မမလေးများ (အဲ..ယောင်လို့ )...ကိုပီတာ ဘလော့ထဲက မော်ဒယ် ဖွားဖွားလေး များက ချော့တိုက်စေ.. ညီမ မိုမိဂျီလေး အတွက်တော့ ချော့ကလက် လေးပြပြ ပြီးတော့ တိုက်စေ....။

လေးစားစွာဖြင့်
ရွှေစင်ဦး

No comments:

Post a Comment