Wednesday, July 27, 2011

ငယ်ဘဝများ (၁၂) နှင့် ငယ်ကျွမ်းဆွေ တယောက် အကြောင်း (၂)

စာရေးသူ-ရွှေစင်ဦး

သူငယ်ချင်း လေး ရဲ့ အနာဂါတ်ကို မသေချာမှု့တွေ ဖန်တီးပေးခဲ့ တဲ့ အိမ်ကလေး ကို စိတ်နာနာ နဲ့ ကျနော် မကြည့် မိတဲ့ အချိန်တွေမှာ ဘဲ ပိုင်ရှင်သစ် ဟာ ကျနော်တို့ အတွက် အမှတ်ရ စရာ အိမ်ကလေး ကို သိမ်းပိုက် သွားခဲ့ပါပြီ....

မနက်ခင်းလေး တခုမှာတော့ အိမ်ကလေး ကို ပြောင်းလာတဲ့ စုံတွဲ တတွဲကို တွေ့လိုက်ရပါတယ်..၊ အသားဖြူဖြူ အရပ်ရှည်ရှည် မျက်မှန်အထူကြီး နဲ့ တည်ငြိမ်တဲ့ မျက်နှာပေး နဲ့ သြ..အဲဒါ ကိုမောင်မောင် (အဉ္စလီ) တဲ့လား..၊ အသားဖြူဖြူ အရပ်ပုပု လေး နဲ့ ချစ်စရာကောင်းလှသူလေး ကတော့ ကိုမောင်မောင်ရဲ့ ချစ်ဇနီး မဖြူတဲ့....

ရင်မှာ ထိခိုက် ခံစားခဲ့ ရတဲ့  သီချင်းလေး တွေရဲ့ ဖန်တီးရှင် ကိုမောင်မောင် ကို လေးစားစွာ နဲ့ အိမ်ကလေး ကိုပြန်လည် စိတ်ဝင်စား လာမိပါတယ်....

ကျနော် တို့ သူငယ်ချင်း ၂ယောက် အလုပ်  အတူတူ လုပ်ခဲ့ ကြတဲ့ သူ့အဖိုးရဲ့ အလုပ် လုပ်တဲ့ အိမ်သေး သေးလေး မှာ သူတို့ ၂ယောက်နေကြပါတယ်....

ကျနော် တို့ ပြေးလွှားကစား ခဲ့တဲ့ အပင်ကြီးအောက် မှာ ဖန်တီးရှင် ရဲ့ သီချင်း သစ်လေးတွေ မွေးဖွား ခဲ့ပြီဘဲ.....၊ ကျနော် တို့ နှစ်ယောက် အငြင်းပွား ဆော့ကစားရာ သံစဉ်လေး တွေ နေရာမှာတော့   ကလပ်စစ် ဂီတ သံစဉ်သစ် တွေ အစားထိုး သွားခဲ့ပြီပေါ့....

မိုးရေတွေ  ပြည့်လျှံနေတဲ့ အိမ်ရှေ့ မြှောင်းသေးသေး လေးဘေးမှာ အချိန်အကြာကြီး ငေးမော ကြည့်နေ တတ်တဲ့ ဖန်တီးရှင် ကို ပြန်လည် ငေးစိုက်ကြည့်နေရင်း ဟိုး နှစ်ပေါင်း များစွာက ကျနော်တို့ သူငယ်ချင်း  ၂ယောက် အဲဒီနေရာလေး မှာဘဲ စက္ကူလှေလေး တွေ ပြိုင်တူ လွှတ်ခဲ့ဘူးပါတယ်လို့....ကျနော် တိုင်တည် လိုက်ရင် သီချင်း လေး တပုဒ်များ မွေးဖွား လာလေမလားလို့..မေးခွန်းတွေ ထုတ်မိ ပြန်တယ်....

အိမ်ကလေး မှာ ဘဲ ဖန်တီးရှင် ရဲ့ ရင်သွေးလေး ကို ချော့မြူဘို့ ချစ်ဇနီးလေး မဖြူ နဲ့  စကားတွေ ပြောဘို့ ..၊ ဖန်တီးရှင် ရဲ့ နှုတ်ဆက် အပြုံးလေး တချက် စကားလေး တခွန်းလောက်  ရဖို့ အတွက် သူငယ်ချင်း ရဲ့အတိတ် ကအိမ်ကလေး ထဲ ကိုပြန် လည်ဝင်ရောက်ခဲ့စဉ်မှာတော့....သူငယ်ချင်းလေးက...

သူငယ်ချင်း မှာ အရင်းနှီးဆုံး ယောက်ကျားလေး သူငယ်ချင်း တယောက် ရှိတယ်..တနေ့ မှာ ကျနော်တို့ နှစ်ယောက် စကားပြောဖို့ အခွင့်ကြုံလာတဲ့ အတွက် တော်တော်များများ စကားတွေ ပြောဖြစ် တယ်....

တကယ်တော့ ကျနော့်ကို စကားမပြောချင်လို့ ရှောင်ဖယ် နေတယ်ဆိုတာ သူ့ပြောတာတွေ ကြားမှ သိခဲ့ရတယ်... ကျနော်က သိပ်ရက်စက် တယ်တဲ့....

ကျနော့် တသက်မှာ သူငယ်ချင်းလေးနဲ့ ပြန်လည် မဆုံဆည်း ခဲ့တော့ပေမဲ့ သူငယ်ချင်းလေး ကတော့ ကျနော့် ကို ပြန်လည် ဆုံဆည်းဖို့ ကျိုးစားခဲ့သေးတယ်နော်...

ကျနော် တို့ နှစ်ယောက် ခွဲခွာပြီး နှစ်ပေါင်း အတော်ကြာခဲ့တဲ့ အချိန်မှာတော့ သူငယ်ချင်းဟာ မြို့လေး ရဲ့ တခုသော သင်္ကြန် မှာ တိတ်တိတ်ကလေး ပြန်လာခဲ့ တယ် ...

သူ့သူငယ်ချင်း စီမှာ ကျနော့် အကြောင်းတွေ မေးမြန်းခဲ့တယ်တဲ့..လက်တွဲဖော် ရှိနေပြီဖြစ်တဲ့ ကျနော့် ကို သူကြည့်ချင်သေးတယ် ဆိုပြီး ..အဲဒီ သင်္ကြန် ညလေးမှာဘဲ ကျနော်တို့ချစ်သူ နှစ်ယောက် ရဲ့ နောက်က တောက်လျှောက် လိုက်ကြည့်နေခဲ့ပါသတဲ့ ....

အလိုက်ကမ်းဆိုး မသိတဲ့ ကျနော့်ရဲ့ ပျော်ရွှင်ခြင်းတွေ ကြားထဲမှာ ချစ်သူငယ်ချင်း ဘယ်လောက်များ နာကြင် ခံစားနေ ရမလည်း....

တိတ်ဆိတ် တဲ့ ည အိမ်အပြန် လမ်းလေးပေါ် မှာ ပျော်ရွှင်စွာ လမ်းလျှောက်လာကြတဲ့ ကျနော် တို့ ချစ်သူ နှစ်ယောက် နောက် မှာ လက်တဘက်က လက်သီးကို ကျစ်ကျစ်ပါအောင်ဆုတ်ရင်း နောက်လက်  တဘက်က ရန်လိုနေတဲ့ သူ့သူငယ်ချင်း လက်ကို တင်းတင်းဆုတ်ကိုင် ထားရင်း သူငယ်ချင်းဟာ လိုက်ပါ လာခဲ့ပါသတဲ့...

ချစ်သူ ရဲ့ အိမ်အပြန်လမ်းကို ငေးမျှော်ကြည့် နေတဲ့ ကျနော့်ကို အမှောင်ရိပ်ကနေ တိတ်ဆိတ်စွာ ကြေကွဲစွာ နဲ့ နှုတ်ဆက် သွားခဲ့ပါတယ်တဲ့.....

နောက်တနေ့မှာတော့  သူငယ်ချင်းလေးဟာ မြို့လေးကနေ တိတ်တိတ်လေးဘဲ ပြန်လည် ထွက်ခွာ  သွားခဲ့ ပါပြီ...

ငယ်ကျွမ်းဆွေ ရေ

ချစ်ခြင်း ကို ခံစား ရတဲ့ အတွက် နှလုံးသားတွေ နာကြင်ကြေကွဲ ခဲ့ကြသလို...အချစ်ခံရခြင်း အတွက်လည်း နှလုံးသားတွေ နာကြင်ကြေကွဲ ခဲ့ရတာပါဘဲ ဆိုတာကို တသက်စာ ပုန်းရှောင် သွားတဲ့ ငယ်သူငယ်ချင်း လေး သိစေချင် စမ်းလှပါတယ်......

(အပိုင်း ၂ ကို ရေးဘို့ မရည်ရွယ်ပါဘူး..ဒါပေမဲ့ နာကြင်စွာ နဲ့ဘဲ ရေးဖြစ်သွားခဲ့ပါတယ်....သိချင်သူတွေ အားလုံး ကျေနပ်လိမ့် မယ် ထင်ပါတယ်..)

No comments:

Post a Comment