Friday, July 29, 2011

ရွှေစင်ဦး ကြိုက်တဲ့ အညာစာဟင်းလေးများ (၄)

စာရေးသူ-ရွှေစင်ဦး
ဒီနေ့ ကျနော် တခြားစာတပုဒ်ရေး ပြီး တင်မလို့ပါ..၊ ဒါပေမဲ့ ဆိုင်က ကလေး တယောက်ရဲ့ အမေ ပခုက္ကူ က လာလို့ နှမ်းဖတ်ချဉ် လတ်လတ် လေးတွေ ယူလာပါတယ် .... အဲဒါနဲ့ အိမ်မှာ နှမ်းဖတ်ချဉ် သုတ် ပါတယ်.. မိတ်ဆွေ များကို လည်း သတိရသွား တဲ့ အတွက် ဒီနေ့ ချက်တဲ့ အညာစာဟင်းလေး တချို့ ကို နှမ်းဖတ်ချဉ် နဲ့ တွဲ တင်ပေး လိုက် ပါတယ်။

နှမ်းဖတ်ချဉ် ကတော့ ကျနော် တို့ အညာဘက် ကဘဲ အစားများမယ်ထင်တယ်.. တချို့က ကြော် စားတယ်.. တချို့က သုတ်စားတယ်.. ၂မျိုးစလုံး ကောင်းပါတယ်..၊ အိမ်မှာတော့ မေမေ က နှမ်းဖတ်ချဉ် သုတ်ရင် ငါးဖမ်းမ ကို ကြော်ပေးတယ်..၊ နောက်ပြီး ဟင်းရွက်စုံ ဟင်းရည်ချက်တယ်..၊ အခုတော့ ငါးဖမ်းမ မရခဲ့ တဲ့ အတွက် ငါးဥချက် ဘဲ ချက်လိုက်ရတယ်... ငါးဖမ်းမ က ချက်ခြင်းကြော်ရင် ကျနော်တို့ က သိပ်မစားပါဘူး... ဒီနေ့ ဝယ်တယ်ဆိုရင် သူ့ ကို ဘိုက်ခွဲ ပြီး အထဲက ဟာတွေထုတ်.. ပြီး ဆားသိပ် ထားပါတယ်..၊ နောက်နေ့မှ ဆားတွေ စင်အောင် ဆေးပြီး ကြော်ပါတယ်.. ဘိုက်နားလေးက အဆီ ပါတဲ့ အပိုင်း လေး က စားအကောင်းဆုံးပါ...။

ကဲ ဒီနေ့ ဟင်းလေး တွေ ချက်ရအောင်... နှမ်းဖတ်ချဉ် ကို ကြက်သွန်နီ၊ဖြူ ပါးပါးလှီး.. နံနံပင်.. ရှောက်ရွက် ပါးပါးလှီး ပြီး ဆား အချိုမှုံ နဲနဲ နဲ့ ဆီများများ နဲ့ သုတ်ထား တဲ့ နှမ်းဖတ်ချဉ် သုတ် ကတခွက်ပါ.။

ငါးဥချက် ကတော့ ငါးဥတွေ ကို ရေနွေး ပွက်ပွက်ဆူ ထဲ ထည့် ပြီး မာသွားအောင် လုပ်.... ပြီးမှ အတုံး လေးတွေ တုံးပြီး... ဂျင်း ကြက်သွန်ဖြူ/ နီ ဆီသတ်ပြီး ချက်ပါတယ်...၊ စိမ့်စိမ့် လေး နဲ့ ကောင်းတဲ့ ငါးဥ ချက် က လေး ပါ...။

နောက် တခွက်ကတော့ ဟင်းရွက်စုံ ဟင်းရည်ပါ..၊ ဟင်းရွက် ကတော့ စုံသလား မမေးနဲ့ ကျနော် သိသလောက် ပြောပြရရင် ဆူးပုတ်ကလေး.. ဂုံရွက်.. ပြည်ပန်းညို.. နွားရှာကြီးရွက်.. ဂွေးထောက်ရွက်... သဖန်းရွက်.. ရဲယိုရွက် ..သနပ်ရွက်.. နဲ့ တခြား ကျနော် မသိတဲ့ အရွက်တွေလည်း ပါပါ တယ်...။

ဟင်းရွက်စုံ ဟင်းရည် ချက်တာက တော့ ရေနွေးထဲမှာ ငံပြာရည်..ပုဇွန်ခြောက် .. ကြက်သွန်နီ ပါးပါးလှီး ကြက်သွန်ဖြူ များများ မညက်အောင် ထောင်းထည့် ပါတယ်.. အဲဒါ ကို ဆူအောင် ဟင်းရည်အိုး ကျအောင် တည်ထားပါတယ်.. ပွက်ပွက်ဆူ မှ ဟင်းရွက်တွေ ကို ခပ်ပါတယ်.. ခဏလေး ဘဲ ထားပြီး ပြန်ဆည် ထားပါတယ်.. စားခါနီး မှ ဟင်းရွက်တွေကို ပန်းကန်ထဲ အရင်ထည့် အပေါ်က ဟင်းရည်ပူပူ ကို လောင်းထည့် ပါတယ်.. ဘယ်အချိန်စားစား ဟင်းရွက် နူးသွားမှာ မပူ ရတော့ပါဘူး.. ကဲ ဟင်းရွက်စုံ ဟင်းရည်လေး သောက်လိုက်ကြအုန်းနော်...။

နောက်တခွက် ကတော့ ပိန္နဲသီး နုနုလေး တွေကို ချက်ထားပါတယ်.. ခင်ဗျား တို့တော့ ကြိုက်လား မသိဘူး.. ကျနော် တော့ အရမ်းကြိုက်ပါတယ်.. အာလူး နဲနဲ လေး နဲ့ အသားဟင်း ချက်သလိုဘဲ ချက်ရပါ တယ်... ၊ ကျမ်းမာရေး အတွက် လည်းကောင်းသလို အရသာ လည်း ရှိပါတယ်...။

ဟင်းက သိပ် မစုံတော့ စားလို့မှ ကောင်း ရဲ့လား မသိဘူး... ကဲ စားပြီးရင်လည်း .. လက်ဆေးအုန်း လို့ ပြောမလို့ပါ.. ဟင်းဘိုး မတောင်း တော့ပါဘူး..။

လေးစားစွာဖြင့်
ရွှေစင်ဦး

No comments:

Post a Comment