Monday, July 25, 2011

ရွှေစင်ဦး ချက်တဲ့ မကောင်းတကောင်း ဟင်းလေးများ

စာရေးသူ-ရွှေစင်ဦး
ဒီနေ့ ဆိုင်မှာ အလုပ်များနေတယ်..၊ ချစ်ညီမ ကလည်း ရိပ်သာသွား ပြီး သူတပည့် မယ်သီလရှင်လေး စာသွားသင် နေတာ ပေါ်မလာဘူး...၊ အခါတိုင်းတော့ ချစ်ညီမ က ဈေးဝယ်ပြီး ချစ်သမီးများက ချက်ကြ တယ်..၊ ဒီနေ့တော့ သမီးများလည်း မီးဖိုနားမကပ်နှိုင်အောင် အလုပ်များနေကြတယ်..၊ ချစ်ညီမလည်း ဒီအချိန်ထိ ပြန်မလာရင် ဈေးမဝယ်လောက်တော့ဘူးပေါ့.. အင်းဒီနေ့တော့ ဝယ်စားရဘို့ သေချာပေါက်ဘဲ ဆိုပြီး.. ဘလော့ဂ် လည်ရင်း စိတ်တွေညစ်နေတယ်...။

ခဏနေတော့ မေမေ စီက ဟင်းဂျိုင့်လာပို့တယ်.. ငါးပတ် ရေချိုချက် တဲ့ ရွှေပဲသီးကြော်တဲ့...အင်း ကိုယ့် တို့ အတွက်တော့ အဆင်ပြေသွားပြီ ဆိုပြီး နဲနဲ တက်ကြွသွားတယ်..၊ အင်း.. ခလေးတွေ ကတော့ ဝယ်စားရတော့ မှာဘဲ ဆိုပြီး စဉ်းစားမိရင်း ကိုမျိုး (အညာမြေ) ဘလော့ဂ် ထဲက ကဗျာလေး ပြန်သတိရ သွားတယ်..၊ ကဗျာလေးက နိုင်ငံခြား မှာ ရှာဖွေထားတာတွေ လွယ်လွယ် မသုံးဘို့ သတိပေးထားတာလေး ထင်ပါတယ်..။

အင်း သူရို့တောင် နိုင်ငံခြား မှာ ပိုက်ပိုက် အများကြီး ရတာ ကို စည်းစနစ် ရှိရှိ သုံးစွဲကြတာဘဲ.. ငါလည်း ဆိုင်က ဝယ်စားရင် ပိုက်ဆံလည်းကုန်တယ်.. စားလည်း မကောင်းဘူး... ၊ ငါ ဘာသာ ငါ ရှိတာလေး နဲ့ ချက်မယ် ဆိုပြီး တယောက်ထဲ မီးဖိုထဲ ဝင်မွေတယ်..။

ပဲနီလေး တွေ့တယ် ကြာဇံ တွေ့တယ်..၊ ကြက်ဥ တွေ့တယ်..၊ နောက်ပြီး သရက်သီး အသေးလေးတွေ တွေ့တယ်.. သရက်သီး လေးတွေ က ကျောက်ဆည်မှာ ကျောင်းတက် နေတဲ့ သားတော်မောင် တယောက် က လူကြုံ့ နဲ့ သရက်ခြံ တွေကနေ အလကား တောင်းပြီး ပေးလိုက်တာ..၊ သူ့ ဆရာမ က ကြိုက်တတ်တယ် ပြောထားတာ ဆိုတော့ မမေ့မလျော့ ရှာဖွေပေးလိုက်တာ..။

ကဲ.. လာလေရော ဟင်းချက်မယ် ဆိုပြီး.. မီးဖို ၂ဖို နဲ့ ချက်တယ်.၊ ဂက်စ် မီးဖို ရယ် လျှပ်စစ် ဒယ်အိုး ရယ်နဲ့ပေါ့..၊ သရက် သီးလေးတွေ ပါးပါးလှီး.. ပုဇွန်ခြောက် လေး နဲ့ ငါးပိလေး နဲ့ ငရုပ်သီး လေးနဲ့ လုံးချက် ချက်.. အမယ်လေး ကောင်းမှကောင်း.. ဆီပြန်အောင် စောင့်တယ်.. ဟိုဘက် အိုးထဲမှာ ပဲနီလေး နဲ့ ကြာဇံ နဲ့ ချက်ထားတယ်.. ကြက်ဥ တွေ ရေစင်စင်ဆေးပြီး ပဲအိုးထဲ ထည့်ပြုတ်တယ်..။

ကိုယ့် ပိတိ နဲ့ ကိုယ်ပေါ့ ပဲနီလေး နဲ့ ကြာဇံချက် ထဲ ငရုပ်ကောင်း မှုန့် လေးဖြူး၊ ကြက်ဥ ပြုတ်ထဲလည်း ဆားလေးဖြူး ဆီလေး ဆမ်း ငရုပ်ကောင်းလေး ဖြူး မယ်ဆိုပြီး စဉ်စားနေတယ်..၊ ငါ့ဘာသာ ဒီလိုချက်လိုက်တော့ လည်း ပိုက်ဆံ ကုန်လည်း သက်သာ စားလည်းကောင်း တယ်ပေါ့.. အဟင်း.. စိတ်ကူး ထဲတော့ ဟုတ်နေတာဘဲ..။

ခဏနေတော့ ဂက်စ် နဲ့ တည် ထားတဲ့ သရက်သီး ချက်က ဆီပျံ ပြီး တဗျစ်ဗျစ် နဲ့ ပဲဟင်းအိုး ကလည်း အဖုံး ပိတ်ထားတော့ ဟင်းရေတွေ ဝေကျတယ်ဗျ...၊ အင်း ရွှေစင်ဦး လေးလည်း ဆွဲမိဆွဲရာ လက်နှီးစုတ် ဆွဲလုပ်လိုက်တာ ရွှေစင်ဦးလေး ရဲ့ အင်ကျီ အသစ်ကလေး ရင်ဘတ် တည့်တည့် မီးဟတ်ပြီး ကျွမ်း သွားတယ်...၊ အမယ်လေး မတန်လိုက်တဲ့ ချွေတာရေး ပါလား....။

ဟင်းလေး တွေကတော့ ပုံမှာ ပြထားတဲ့ အတိုင်းပါ.. ရွှေပဲသီး ကြော်ကတော့ ချစ်ချစ်ကြီး အကုန်စားပစ် လိုက်လို့ ဓါတ်ပုံရိုက်တာ မမှီတော့ဘူး...။

ချွေတာရေး ဟင်းလေး ကို မကောင်းတကောင်း လေး အရင်စားထားကြပါအုန်း.. နောက်နေ့တော့ ရှယ် ချက်ကျွေးပါမယ်..။

လေးစားစွာဖြင့်
ရွှေစင်ဦး

No comments:

Post a Comment