Friday, July 29, 2011

မိန်းမ... မိန်းမ..

စာရေးသူ-ရွှေစင်ဦး
အလုပ်ရှုတ်နေတာနဲ့ စာမရေးဖြစ်တာကြာသွားပြီ.. ကော်နက်ရှင်ကလည်း မကောင်းတော့ စာတင်တာကို မနဲ တင်နေရတယ်.. ဒီနေ့မနက်တော့ ကိုကြီးကျောက် ရဲ့ တရားရုံးပိုစ့် လေးဖတ်ပြီး ရေးစရာ အကြောင်း လေး သတိရလာလို့ လို့ ရေးပါတယ်....။

ကျနော်တို့ မြန်မာလူမျိုးတွေ ဟာ ရုံးရောက် ဂတ်ရောက် ဆိုတာကို အင်မတန် ကြောက်ပါတယ်... ကျနော့် အဖွားဆိုရင် သက်သေပါရ မှာတောင် ကြောက်လို့ တခုခု ဖြစ်ရင် သက်သေ မလိုက်ရအောင် ဝေးဝေးက ရှောင်ပါသတဲ့....၊ ကျနော့် ဖေဖေ ကတော့ အဲလိုဆိုရင် ကိုယ် တခုခုဖြစ်ရင်လည်း အားလုံး ဒီလို ကြောက်နေရင် သက်သေ တောင် လိုက်သူ မရှိဖြစ်မှာပေါ့ အမ ရဲ့ လို့ .. အမြဲပြောပါတယ်.... ဖေဖေ က သူ့ အမေ ကို အမ ဒါမှမဟုတ် နံမည် အတိုင်း တင့်တင့် ဘဲခေါ်ပါတယ်.. ။

ကျနော့် အဖွားကတော့ သက်သေ လိုက်ရမှာတောင် ကြောက်ပေမဲ့ ကျနော့် ကတော့ တရားရုံးကို  သူများ ကိစ္စနဲ့ ၂ကြိမ်တိတိ ရောက်ဖူး ပါတယ်... အဲဒီထဲက တခုကို ရေးပြပါမယ်....၊ ကျနော့် နဲ့ အမ အရင်း ကဲ့သို့ ချစ်ခင်ရသော အမကြီးတယောက် ဘဲ ထားပါတော့ အမည်တော့ မပြောတော့ပါဘူး... အဲဒီ အမကြီးဟာ ယောက်ကျား ဆုံးသွား လို့ ကလေး၂ယောက် နဲ့ ကျန်ရစ် ပါတယ်....ကလေး တွေ ငယ်ငယ် ကထဲက ဆုံးတာပါ....။

ကလေး လေး၂ယောက် နဲနဲလောက် ကြီးလာရင်ဘဲ နောက်ထပ် အမျိုးသား တယောက်နဲ့ ကြိုက်ကြ ပါတယ်..၊ အဲဒီ အမျိုးသားကလည်း ရုံးတရုံးမှာ အလုပ် လုပ်ပြီး အဆောင်နေသူဖြစ်ပါတယ်...၊ ရုံးမှာ အလုပ် လုပ်သူ ဆိုတော့ ပိုက်ဆံ မရှိပါဘူး.. အဲဒီအမကြီး ကတော့ အတော် ပိုက်ဆံရှိပါတယ်... အဲဒီခေတ် က ခေတ်စားတဲ့ ဆန်နီ အမိုးဖွင့်အဖြူလေး ကိုယ်တိုင်မောင်းပါတယ်... ဒါပေမဲ့ ပွေပွေ ရှုတ်ရှုတ် လုံးဝ မရှိပါဘူး....။

အဲဒီ ယောက်ကျား နဲ့ ချိန်းတဲ့ နေ့များဆို သနပ်ခါးတွေ ခြေဆုံးခေါင်းဆုံးလိမ်းပြီး မွှေးကြိုင် လှပ နေပါတယ်.. အချစ်ကို ရှာဖွေ တွေ့ရှိခြင်းပေါ့.... ကားလေး ကိုယ်တိုင် မောင်းပြီး အဲဒီ လူ ကိုတင်တင် ခေါ်သွား ပါတယ်... အဲဒီလိုတွဲနေတာ တနှစ်လောက် ကြာပါတယ်... ။

တနေ့တော့ ..ရွှေစင်ဦး ခဏလောက် အဖော်လိုက်ခဲ့ပါဆိုပြီး လာခေါ်ပါတယ်.. ကျနော်လည်း လိုက်သွား ပါတယ်...၊ အဆောင်မှာ နေတဲ့ သူ့လူ နဲ့ ရှင်းမလို့ လို့ပြောပါတယ်... အဲဒီလူ ကို လက်ထပ် ဘို့ ပြောတော့ ကလေး ၂ယောက် အမေ ကိုမယူနိုင်ပါဘူးလို့ ငြင်းလိုက်ပါတယ် လို့ပြောပြီး တော်တော် စိတ်ထိခိုက် နေပါတယ်....။

ကဲ အဲဒါနဲ့ အဆောင်ရောက်သွားပြီး အဲဒီလူ ကို ဆိုင်တဆိုင် မှာ လိုက်ခဲ့ဘို့မှာပြီး သွားစောင့် နေရပါတယ်... အဲဒီဆိုင်မှာ သူ့ကို ယူမှာလား မယူဘူးလား ဆိုတာ နောက်ဆုံး မေးပါတယ်... မယူဘူးလို့ ဟိုလူကပြောပါတယ်.. သူ့မိဘတွေ စိတ်ထိခိုက်မှာ စိုးလို့ ဒီလိုဘဲ နေကြရအောင်ပါလို့ ပြောပါတယ်... အချောင်သမား ယောက်ကျား တယောက်ပေါ့... ။

အဲဒီအမ က တော်တော် ဒေါသဖြစ်သွားပြီး... အေး နင် ငါကို့ မယူနိုင်ဘဲ စော်ကားတာ ငါမခံဘူး ငါ့ကိုဘယ်လို မိန်းမ မှတ်လည်း နင့်မိဘ စိတ်ညစ်မှာ စိုးလို့ ငါ့ကို မယူရင် နင်ထောင်ကျရင်ရော.. နင့်မိဘ စိတ်မညစ်ဘူးလား .. ငါရုံး တိုင်မယ်ပြောပါတယ်....။

တကယ်လည်း တိုင်ပါတယ်... ဆွေမျိုး အသိုင်းအဝိုင်း အားလုံးက. ဝိုင်းဖျက်ကြပါတယ်.. မရဘူးဗျ. ဒီလို ကောင် မှတ်သွား အောင်.. သူများသားသမီး ကို မစော်ကားရဲအောင် လုပ်မယ် ဆိုပြီး.. ရုံးတိုင် ပါတယ်ဗျာ.... ၊ အဲဒီမှာ ကျနော့် ကို ရုံးချိန်း တိုင်း အဖော်ခေါ်ပါတယ်... ကျနော် လည်း ဒီလိုအမှု့ မျိုးကို အမှန် အတိုင်း ပြောရရင် လိုက်ရမှာ... ရှက်ပါတယ်... ဒါပေမဲ့ ကိုယ့် အမ ကဲ့သို့ ရင်းနှီးတာရယ်... နောက်ပြီး မိန်းမ တယောက်ကို စော်ကား တဲ့ ယောက်ကျားတယောက် ကို အပြစ်ရစေချင်တဲ့အတွက် ရယ် ... တရားရုံးကို မငြီးမညူ လိုက်ပေး ပါတယ်....။

အင်း  စာဖတ်သူများ ရေ... အမှန်တရား အတွက် တရားရုံးကို မရဲတရဲချီ ရပေမဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာ မလွယ် ပါဘူး.. ရှေ့နေ တွေ တရားသူကြီး တွေ သက်သေ တွေနဲ့ အမေးအဖြေလုပ်ကြတာတွေဟာ... နားမထောင်ရဲစရာ တွေပါ... ကျနော့် မှာလည်း မျက်နှာပူပူ နဲ့ ဘယ်သူ့ မျက်နှာ မှ ရဲရဲ မကြည့်ဝံ့သလို ... တရားလို က တရားခံ ဖြစ်ရပါတယ်... တကယ်တန်း တရားခံ ကတော့ ခပ်တည်တည်ပါဘဲ... မိန်းမ နဲ့ ယောက်ကျား နောက်ပြီး မြန်မာ လူမျိုးတွေကိုး......။

နောက်တခု လိုက်ရတဲ့ အကြောင်းရင်း ကို ပြောဘို့ ကျန်နေပါတယ်... ကျနော် အကြိုက်ဆုံး ၃၇လမ်း မုန့်တီဆိုင် က ရုံးချိန်ဆိုရင် အဲဒီရုံးထဲ မှာ ဆိုင်ထွက်ပါတယ်... အင်း ကျနော်လည်း ရှေ့နေ တွေနဲ့ အပြိုင် စားရတာပေါ့ဗျာ....အမကြီး ငှား ထားတဲ့ ရှေ့နေ ဆိုရင် မုံတီ စား ... လဘက်ရည် လည်း ခဏ..ခဏ သောက်တာဗျာ... နောက်ပြီး ငါးသုံးလုံး တဗူး တဗူး ကို ရုံးချိန်းတိုင်း ပေးရတယ်....။

တရားစွဲတဲ့ ပုဒ်မကတော့ မှတ်မိတော့ဘူးဗျာ ... မိန်းမ တယောက်ကို လက်ထပ်မယ်လို့ ပြောပြီး ကာမ ကို လိမ်လည် ယူတဲ့ အမှု့ မြန်မာ့ဓလေ့ထုံးတမ်း အနေနဲ့ကော ရာဇသတ်ကြီး အနေနဲ့ကော လို့ဘဲ ဆိုပါတော့ ... အဲဒီမှာ ဗျာ... စစ်ကိုင်း တည်းခိုခန်း က ဧည့်တိုင်တဲ့ မှတ်တမ်း စာအုပ်ကြီး သက်သေယူရ.. တည်းခိုခန်းက မန်နေဂျာ တွေ စာရေးတွေ သက်သေခေါ်ရ နဲ့ မြန်မာ အမျိုးသမီး တယောက် အတွက် ဆိုရင် တော်တော့် ကို ရှက်စရာ ကောင်း ပါတယ်...  ဒီလို ရှက်တတ် လို့ ငြိမ်ခံနေကြလို့ ဒီလို ယောက်ကျား တွေ က အနိုင်ကျင့် လာကြတယ် ထင်ပါတယ်.......။

တရားရုံးမှာ... ပေးရ ကျွေးရတာ တွေလည်း ပြောမနေပါနဲ့တော့ ပိုက်ဆံရှိလို့သာ တော်ပါတော့တယ်... ကျနော် လည်း... ရှေ့နေ တွေ တရားရုံး တွေ အကြောင်း တော်တော် သိသွားပါတယ်...အင်း ဒီတသက် တော့ အမှု့မဖြစ်အောင် နေမှ မှန် တဲ့ တရား အတွက် ရော... မမှန် တဲ့ မတရား အတွက် ရော ..  မမေဓါဝီ စကားနဲ့ ပြောရရင်... ရဲရဲ မချီနဲ့... အခြေအနေ ကြည့်ချီ... ဆိုတဲ့ ဆုံးဖြတ်ချက် ကြီးကိုလည်း ရဲရဲတောက်... ချမှတ်လိုက်ပါတယ်.. ။

ဒီလိုနဲ့ နောက်ဆုံး အမိန့် ချမဲ့ ရက်ရောက်ပါတော့မယ်.. ထုံးစံအတိုင်း တရားသူကြီးကိုလည်း ပေးကျွေး ထားတယ်.. နောက်ပြီး အမှု့ကလည်း လူမှု့ရေး... အမှု့မှန်ဖြစ်နေတဲ့ အတွက် တရားသူကြီး က တရားလို  အမကြီး ကို အိမ်ခေါ်ပြီး အရင် မေးပါတယ်.. ထောင်ဒဏ် နှစ်နှစ်ထိ ပေးလို့ရတယ်.. ဒဏ်ငွေ လည်း ပေးလို့ ရတယ်... ဘယ်လို လုပ်ချင် လည်းပေါ့... အမှန်တော့ တရားသူကြီး ကလည်း ရုံးချိန်းရက် တွေ မှာ အမကြီး ရဲ့ သဘောထားကို ရိပ်မိလို့ နေမှာပါ......။

ကျနော် ကြည့်သလောက်တော့  ရုံးချိန်း ရက်တွေ မှာ ဆိုရင် အဲဒီလူဟာ ဟန်မပျက်ဗျ.. အမကြီး ကိုလည်း လှည့်မကြည့်ဘူး... အမကြီးကသာ တကြည့်ကြည့် နဲ့... တရားစစွဲတုန်းက အချုပ်ထဲမှာ တောင် အာမခံမရခင် ခဏလောက် နေလိုက်ရသေးတယ်ထင်တယ်... အဲဒါကို အမကြီးက မျက်ရည် နဲ့ မျက်ခွက်.. အဲဒီလူသာ သူ့ကို ယူမယ် လို့များ ပြန်ပြင်ပြောခဲ့ရင် တယုတယ ပြန်ခေါ်သွားမဲ့ပုံ.....။

တရားသူကြီး ကို အမကြီးက စဉ်းစားအုန်းမယ်.. ပြီးမှ အကြောင်းပြန်ပါမယ် တဲ့ဗျာ... ငွေ အစွမ်းထက် ပုံ ကတော့ ... ကျနော် ကတော့ ဒီ လောက် ငွေကုန်ခံ အချိန်ကုန်ခံ အရှက်ကွဲ ခံပြီး လုပ်ထားတဲ့ ကိစ္စ ဗျာ မှတ်လောက်အောင် ချခိုင်းလိုက်စမ်းပါ .... လို့ တွန်းပေးပါတယ်...။

နောက်ဆုံးတော့ အမကြီး က အကြိမ်ကြိမ် စဉ်းစားပြီး ... မျက်ရည် စက်လက် နဲ့ တရားသူကြီးမင်း ကို အနိမ့်ဆုံး အပြစ်ဒဏ်သာ ပေးပေးပါတော့ တဲ့ဗျာ.....။

အဲဒါနဲ့... ဒဏ်ငွေလောက်နဲ့ ပြီးသွားပါတယ်. အင်း... မိန်းမ .. မိန်းမ....

လေးစားစွာဖြင့်
ရွှေစင်ဦး
.
ပိုစ့် အတွက် မေးမြန်းသည် များကို ဖြေကြားပေးသော ကိုးကိုးအိမ် နှင့် ပိုစ့် ထဲတွင် နံမည် ယူသုံး ထားသော ကိုကြီးကျောက် ... မမေဓါဝီ တို့အား ကျေးဇူး အထူးတင်ပါသည်...  ။

No comments:

Post a Comment