Friday, July 29, 2011

ရွှေစင်ဦး ကြိုက်တဲ့ အညာစာဟင်းလေးများ (၂)

စာရေးသူ-ရွှေစင်ဦး
အညာဟင်း အညာဟင်း နဲ့ မလွယ်ဘူးဗျ.. နေ့တိုင်း ဗမာပြည် နေ ပြီး ကိုယ်ကြိုက်တာ ဈေးထဲ ဝယ်ချက် တာတောင် ဟင်းစပ် မတည့်ရင် စားကောင်းတာ မဟုတ်ဘူး...၊ ရာသီပေါ်လေး တွေ လည်းဖြစ်.. ရာသီဥတု အခြေအနေ နဲ့ လည်း ကိုက်မှ စားလို့ ကောင်းတာ..၊ ဒီနေ့တော့ အိမ်က ဂွေးတောက် ရွက်တွေအများကြီး လာပို့ တယ် (အဖူးတွေလည်း အများကြီးဘဲ).. အိမ်ရှေ့ ဗန်ဒါပင် မှာ နှစ်ပေါင်းများစွာ တွယ်ကပ်ပေါက် နေတဲ့ ဂွေးတောက် နွယ်တွေက စားချင်တဲ့ အချိန် စား တခါချက်တော့ ရတယ်.. ဒါပေမဲ့ ဒီလို နုတဲ့ အချိန် ဆိုရင်တော့ အိမ်တွေ လိုက်ဝေ လောက်အောင်ရတယ်..။

ကျနော် တို့ ငယ်ငယ်ကတော့ အိမ်ဝန်း ထဲမှာ ကို ဂွေးတောက်ရုံကြီး ရှိတယ်.၊ စားချင်တဲ့ အချိန် ခူးစားရုံဘဲ..၊ ဘယာကြော် နဲ့ ကြော်..၊ ကြက်ရိုး ဝက်ရိုး နဲ့ ဟင်းရေ ချက် ကောင်းသလားမမေးနဲ့...။

အခု ဂွေးတောက်ရွက်ကြော် ကတော့ ပုဇွန်ခြောက် ကြက်သွန်ဖြူ နီ ခရမ်းချဉ်သီး နဲ့ ကြော်ပါတယ်..၊ မကြော်ခင် ဂွေးတောက်ရွက် သင်ပြီးတဲ့ အချိန်မှာ ရေနွေး နဲ့ ပြုတ်လိုက်ပါသေးတယ်..၊ အခါးပေါ့ အောင်လို့ လို့ ပြောပါတယ် (ချစ်သမီးက) ကျနော် ကြော်ရင်တော့ ခါးချင်လို့ ဂွေးတောက်စားပါတယ်ဆို တော့ မပြုတ်တော့ ပါဘူး..။

နောက်တခွက် ကတော့ ငါးခြောက်ချက်ပါဘဲ.. ဒီနှစ် ဗမာပြည်မှာ ခရမ်းချဉ်သီး တွေ ပေါလိုက်တာ..၊ တပိသာ မှ ၂၀၀ လောက်ဘဲရှိမယ်ထင်တယ်..၊ ဟိုနေ့က ဧည့်သည်တွေ ဝယ်လာပေးတယ်.. အများကြီးဘဲ.. အမှည့်ခံထားစားတာ.. တပတ်လောက်ရှိပြီ.. မကုန်သေးဘူး..၊ အခု ငါးခြောက်ကတော့ အိမ်မှာ ဝယ်ထား တဲ့ ငါးခြောက်ကို တုံးတစ်ပြီး အငံပေါ့အောင် ရေစိမ်ထားတယ်..၊ ခုနက ခရမ်းချဉ်သီးတွေ အများကြီး နဲ့ ကြက်သွန်ဖြူနီ နဲ့ အနှစ်ကို ကြေနေအောင် ဆီသပ်ပြီး မှ ငါးခြောက်ထဲ့..ရေထည်ပြီး ချက်တယ်..၊ ကျက်ခါနီးမှ ငရုပ်သီး စိမ်း အုပ်တယ်.. အနံမွှေးအောင်လို့...။

သရက်သီးကင်း လေးတွေနဲ့ တို့တယ်..၊ ဝ အောင်စားသွားပါနော်..။

ညီမ မိုမိဂျိ ချက် ခိုင်းတဲ့ မန်ကျီးသီးစိမ်း ငါးပိချက်က မန်ကျီးသီး ကြက်ဆူချိန်မှ ချက်လို့ကောင်းတယ်.. အဲဒီကြရင် ချက်ကြွေးမယ်နော်...။

သရက်ကင်း လေးက ရေစိမ်ထားတယ်.. အစီးတွေ ထွက်သွားအောင်လို့..... စားသာစား အားမနာနဲ့.. ဒီနေ့ ဟင်းရေတော့ မချက်လိုက်ရဘူး.. ရေနွေးလေးနဲ့သာ မြောချသွားတော့နော်.. တကယ့် ရွှေဖီမိုးလွတ် လဘက်ခြောက်လေးခပ်ထားပါတယ်..။ ဟင်းစပ်က သိပ်တော့ မလိုက်ဘူး.. နောက်မှ လိုက်ဖက်ညီစွာ ချက်ကျွေးပါမယ်ဗျာ....။

လေးစားစွာဖြင့်
ရွှေစင်ဦး

No comments:

Post a Comment