Wednesday, July 27, 2011

ငယ်ဘဝများ (၁၄) နှင့် စပ်မိစပ်ရာများ

စာရေးသူ- ရွှေစင်ဦး

အမှန်တော့  ဒီနေ့ ကျနော့် ငယ်ဘဝများ ထဲက အ.ထ.က ၁၆ မှ ရွှေစင်ဦး ခေါင်းဆောင်သော ဆန္ဒပြ ပွဲကြီးကို ရေးမလို့ဗျ.. ဒါပေမဲ့ ..အင်္ဂလိပ်စာ သင်တာနဲ့ လည်း ဆက်သွားအောင် ကျနော့် ဖေဖေ နဲ့ ပတ်သက် တာလေး တွေလည်း လက်ကျန်လေးတွေ ရေးချင်လို့ ဒီပို့စ် ကို အရင်ရေး လိုက်တာ ဗျ... ကဲ ဆက်လက် ရှု့စားရအောင်...။

အမှန်တော့ ကျနော် နဲ့ ဖေဖေက မတည့် အတူနေဗျ.. ဒါပေမဲ့ တော်တော်တော့ ချစ်တယ် ထင်ရတာဘဲ...၊ ကျနော့် ရဲ့ အင်္ဂလိပ် စာ သင်တန်းကြီး ရပ်သွားတယ် ဆိုတာလည်း အရင်ပို့စ် ထဲမှာ ပြောခဲ့ တာတင် မဟုတ်သေးဘူးဗျ..၊ ပုံမှန် အတိုင်း ဆိုရင် ရန်ဖြစ်လိုက် ပြန်သင်လိုက် လုပ်နေရအုန်းမှာ..၊ အခုဟာက ကျနော့် အဖေကလည်း နိုင်ငံခြားသွားရဘို့ ဖြစ်လာလို့ဗျ..၊ သူ အင်္ဂလန်ကို ပညာတော် သင်သွားရတယ်...။

အဲဒီမှာ ကျနော့် ပညာရေးလည်း ဖြစ်ချင်ရာတွေ အကုန်ဖြစ်ကုန်တာဘဲ...နောက်ပိုင်း မှ ပြန်ပြောပါမယ်...၊ အင်္ဂလိပ်စာနဲ့ ပတ်သက်လို့ ပြောရရင်တော့ တသက်လုံး ရန်ဖြစ်လိုက်၊ ပြန်သင်လိုက် နဲ့ အခု အချိန် ထိပါဘဲဗျာ...၊ သူ့မှာ သင်စရာ တပည့် မရှိရင် ကျနော့် ကိုလာလာ မျက်စောင်းထိုး နေတာ ဆိုတော့ သနားလို့ အသင်ခံလိုက်ရပါတယ်..၊ အခုတော့ စာဖတ်တာပေါ့ဗျာ.. ဆောင်းပါးကောင်းလေးတွေ .. ကမ္ဘာကျော် ၀တ္ထု retold လေးတွေပေါ့..၊ ဒါပေမဲ့ ကျနော့် အင်္ဂလိပ်စာက အခုထိ very poor ပါဘဲ..၊ ခင်ဗျား တို့ စကားပုံ တခုကြားဘူးတယ် မဟုတ်လား.. တပည့် မကောင်း ဆရာ ခေါင်း ဆိုတာလေ..၊ .. ကျနော် မတော်တာ တွေအားလုံးဟာ ကျနော့် အပြစ်မဟုတ်.. ကျနော့် ဖေဖေ အပြစ်များသာဖြစ်ပါကြောင်း..။

ကျနော့် မေမေ က တော့ ကျနော် ပြောခဲ့သလိုဘဲ ဘာမှ နားမလည် ဘူးဗျ..ကလေး တယောက်လိုဘဲ.. သားသမီး ကိုလည်း ချစ်တာဘဲ သိတယ်..၊ ကျန်တာ ဘာမှ မသိဘူး အကုန် သားသမီးသဘောဘဲ..၊ သားသမီး လုပ်သမျှ မှန်တယ်.. ထောက်ခံမယ် .. ဒါဘဲသိတယ်..(မြန်မာပြည်သားဗျ...) ။

ကျနော့် ဖေဖေ နဲ့ အကြောင်း ဆက်ပြောရရင်..... ကျနော့် ဖေဖေ ရဲ့ နိုင်ငံခြားက ရေးလိုက်တဲ့  စာတွေကို ဖတ်ကြည့် ရင်တော့ ကျနော့်ကို တော်တော်ချစ်တယ် ထင်ရတာဘဲ..၊ သမီးကြီး မဦး..မဦး.. နဲ့ နေတာဘဲ.. အပြင်မှာတော့ ရွှေစင်ဦး.. နင် နဲ့  ငါနဲ့ .. အမြဲ ပြောတယ်..၊တခါ တလေ စိတ် ရမှ ဖေဖေ နဲ့ ရွှေစင်ဦး  ပြောတာ၊  နိုင်ငံခြားရောက်နေတုန်း ကတော့ စိတ်တွေ မှန်ပြီး သမီး မဦး ဘာလိုချင်လည်းပေါ့..။

ကျနော် လည်း တသက် တခါ ငါ့ အဖေ ရဲ့ ဒီလို စကားလေး ကြားရခဲ မျှဆိုပြီးတော့ ပထမဆုံး အကြိမ် အဖြစ် နာရီလေး မှာလိုက်တယ်ဗျ... နာရီ မှာ တာကလည်း အကြောင်း ရှိတယ်..၊ ကျနော်ဟာ တသက် လုံး ၀တ္ထု ပစ္စည်း ဘာကိုမှ တန်ဘိုးမထားသလို.. အချိန် ကိုလည်း တန်ဘိုးမထားဘူးဗျ.. ကျနော့် အတွက် အချိန် ကန့်သတ်ချက်မရှိဘူး.. ဥပမာ.. တခုပြောမယ်.. မနက်ဖြန် စာမေးပွဲ ဖြေရမယ်..  စာကျက်ရမယ် ဆိုတဲ့ အချိန် ကန့်သတ်ချက် ကို ထည့်မတွက်ဘူး.. ။

ကျနော် အခု စာ (၀တ္ထု) ဖတ်ချင်တယ်.. ဖတ်ပစ်လိုက်တာဘဲ..၊ စာမေးပွဲ ကို နဲနဲ မှ ထည့်မတွက်ဘူး.. အဲဒီလိုဘဲ ကျနော် ဖတ်ချင်တဲ့ စာအုပ် ဆိုရင် မိုးချုပ်လို့ အိပ်ချိန်ရောက်လို့ မနက်အစောထရမှာ မလို့ ဆိုတဲ့ အချိန်ကန့်သတ်ချက်ကို ထည့် မတွက်ခဲ့ဘူး..၊ ဒါက အချိန် နဲ့ ပတ်သက်လို့ ငယ်ဘဝ တုန်းကပါ..၊ အခု များတော့  အချိန် ဟာ  ကျနော့် ကို မျက်နှာသာ ကို မပေးတော့ တာပါ..၊ ဒီလောက် တောင် အချိန်တွေ အလကား ဖြုန်းတီး ပစ်ရသလား ဆိုပြီး ကျနော့် ကို အညှိုးနဲ့ တိုက်ခိုက် နေသလို ပါဘဲ..၊ အခု ဒီစာလေး ရေးနေတာကို ..အကြိမ် ၂၀ လောက် ထိုင်လိုက် ထလိုက် လုပ်ပြီး ရေးနေ ရတာပါ...၊။

ဒါပေမဲ့ ... အချိန် ကို ဘယ်လောက် တန်ဘိုး ထား ထား မထား မထား .... နာရီ လေးတွေ ကိုတော့ ချစ်တယ် ဗျ.. ကြိုက်လည်း တအား ကြိုက်တယ်..၊ အခု အသက်အရွယ် ရောက်တဲ့ ထိ လက်မှာ နာရီ မရှိရင် တခုခု လိုနေသလို ခံစားရတယ်..။

ဒါကြောင့် ဖေဖေ ကို အရင်မှာလိုက်တာက နာရီ ဗျ..၊ ဖေဖေ ကလည်း ပို့ပါတယ်.. သူ့ ချစ်ချစ်ကြီး အတွက် တောင် ဘာမှ မပို့ရသေးဘူး ကျနော့် အတွက် နာရီ အရင်ဆုံးပို့ ပေးတယ်.. Made in England ပေါ့ဗျာ..၊ ရွှေရောင် အဝိုင်းလေး၊ ကြိုးက သားရေအစစ် အညိုလေး နဲ့ တအားလှတယ်..၊ အဲဒီနာရီလေး က ကျနော့် ဘဝ ရဲ့ ပထမဆုံး နာရီလေးပါ..။

နောက်တခါ ကျနော် လိုချင်တဲ့ ဂစ်တာ တလက်..၊ ဘောင်းဘီရှည် အများကြီး..၊ ဆွယ်တာ..အကုန် ပို့လိုက်ပါတယ်..၊ ဒါက ကျနော့် ဖေဖေ နဲ့ ပတ်သက် လို့ တစိတ်တပိုင်းပါ..။

နောက်တခါ ဖေဖေ ပို့လိုက်တဲ့ ပစ္စည်း လေး တွေ ကို တန်ဘိုး ရှိရှိ အသုံးချပုံ ကို ဆက်လက် ရှု့စား ကြရ အောင်ဗျာ..၊ ကျနော် က ဖေဖေ ကို ဂစ်တာကြီး မှာထားတာဆိုတော့ ငါ့ အဖေပို့လိုက်တဲ့ ဂစ်တာကြီး ရရင် ဆိုပြီး နွေရာသီ တခုမှာ ဂစ်တာသင်တန်း သွားတက်တယ်ဗျ..၊ ကယ်ရီ Church ထဲက ဆရာချစ် စီမှာပါ..၊ ဒါပေမဲ့ ဆရာချစ် သင်တာ ဘယ်လောက်ကောင်းကောင်း ကျနော့် ရဲ့ ကုသိုလ် ကံ မကောင်းပုံများ ကိုဆက်ပြောပါအုန်းမယ်..၊ ကျနော်က အဲဒီအချိန်မှာ မျက်စိမှုံနေပြီ မှုံတာမှ -250 ဒီဂရီ ထိရောက်နေပြီ..၊ အဲဒါကို မသိဘဲ အတန်းထဲမှာလည်း ကျောက်သင်ပုန်း ပေါ်က စာမမြင်ရတာ ကို သူငယ်ချင်း စီက ကူးချ ရင်း အလွယ်ဖြေရှင်းလာတာ.. မျက်စိမှုန် နေလို့ မမြင်ရတာ ဆိုတာလည်း မတွေးမိဘူး..။

ကျနော် ရဲ့ ငယ်ဘဝ တခုထဲမှာ အဲဒီအကြောင်းရေးထားပါတယ်..၊ အဲဒီလို မမြင်မကန်း နဲ့ ဂစ်တာတီး သင်တန်း သွားတက်တဲ့ အချိန်မှာ ဆရာချစ်ရဲ့ လက်ဖောင်းဖောင်း တုတ်တုတ်ကြီး တွေဟာ ဘယ်ကြိုးကို ထောက်နေမှန်းကို မမြင်ရတာ အဲဒါလည်း ဘာ့ကြောင့် ဆိုတာ မစဉ်းစား တတ်ခဲ့ဘူး..၊ အဲဒီလို နဲ့ ဖြစ်သလို သင်လာပြီး နဂို ကထဲကလည်း အနုပညာ ဗီဇက မပါ ဆိုတော့ ကျနော် တတ်တာ ရစ်သမ် တခုထဲ.. အဲဒါတောင် တိုင်မင် မှန်အောင် တီးတတ်တာ မဟုတ်ဘူး..၊ အဲဒီလို အနုပညာ ကိုယ်ခံအားတွေကို အပြည့် ဖြည့်ပြီး ဂစ်တာကြီး အလာကို စောင့် နေတယ်ခင်ဗျား..။

ဖေဖေစီကလည်း  ဂစ်တာကြီး လည်း ရောက်ရော.. အစွမ်းပြတော့  တာပါဘဲ..၊ သော်တာဆွေ ရဲ့ ဒီမောင့် လက်သံဒေါင်ဒေါင်ညံ ကိုသာ ဖတ်ကြည့်လိုက် ကြပါတော့ဗျာ...။

ဂစ်တာကြီးကလည်း အကောင်းစားကြီးဗျ.. ၊ ကျနော့် ဂစ်တာကြီးကို မြင်ဘူး တွေ့ဘူး ပြီး ကျနော့် လက်သံ ကို နားဆင်ဘူး တဲ့ သူများကတော့ အမြင်မတော် ဆင်တော် နဲ့ ခလောက်ဖြစ်နေတာကို တော်တော် ကြည့် မရဖြစ်နေကြတယ် ထင်တယ်.. (လူတွေများ တယ်မနာလို ဖြစ်ကြတာဘဲ)..ကျနော့် စီက ဂစ်တာကြီးကို ဈေးကောင်းကောင်းပေးပြီး လာဝယ်ကြတယ်.. ကျနော်ကလည်း မရောင်းဘူးပေါ့ဗျာ... ငါ့ အဖေ ကို လက်သံလေး နဲ့ ဖျော်ဖြေအုန်းမယ် ဆိုပြီး.. ဖေဖေ ပြန်အလာကို စောင့်နေတယ် ခင်ဗျ...။

ဖေဖေ ပြန်လာတဲ့ အချိန်ကြမှ ဂစ်တာကြီးကို ဖုံတွေဘာတွေခါပြီး ဖေဖေ ကြားလောက်တဲ့ နေရာ ကနေ ဆိုတီးလေး ဖျော်ဖြေ ဖျော်ဖြေ ပြနေတယ်.. ၊ ဒါပေမဲ့  ကျနော့် ဖေဖေ ရဲ့  အနုပညာ အခံကလည်း လေတောင် ဖြောင့်အောင် မချွန်တတ်ဘူးဆိုတော့ ကျနော့် ရဲ့ လက်သံကို လည်း မခံစားတတ်ဘူး.. အဲဒီတော့ သူ့ရဲ့ ရင်တွင်းဖြစ် စကားတွေက တနေ့တော့ ပွင့် ထွက်လာတယ်ဗျ.. ။

ဟိတ် ရွှေစင်ဦး တဲ့ နင့် သီချင်းတွေကဘဲ တပုဒ်ပြီး တပုဒ် ပြောင်းသွားတယ်.. ငါ့ နားထဲမှာတော့ နင့် ရဲ့ ဂစ်တာသံက ဗျင်း ဗျင်း ဗျင်း ဗျတ် လို့ဘဲ ကြားနေတယ် တဲ့ ...၊ သီချင်း သံလေး ထွက်အောင် တီးစမ်း ပါတဲ့...၊ ကျနော် လည်း တော် တော် မခံချင် ဖြစ်သွားတယ်.. ဒါနဲ့ ဖေဖေက အနုပညာ ကိုဘယ်လောက် သိလို့လဲ ဒါက ရစ်သမ် လို့ခေါ်တယ်..၊ ဖေဖေ ပြောတာက လိဒ် တို့ ဘေ့စ် တို့ခေါ်တယ်လို့ ရှင်းပြတယ်..၊။

ဒါပေမဲ့ လက်မခံဘူးဗျ.. နင်ဘာသာနင် ဘာခေါ်ခေါ် တဲ့ ငါ့ကိုသာ သီချင်းသံထွက်အောင် တီးပြတဲ့..၊ ကျနော် လည်း တော်တော် အကြံရကျပ် သွားတယ်..၊ ဒါနဲ့ ဥာဏ်နီဥာဏ်နက် တွေထုတ်ပြီး ဖေဖေ စောင့်အုန်းနော် အဲဒါတွေတီး ဘို့ ကြိုးတွေ ဘာတွေ ညှိ ရအုန်းမှာ ဆိုပြီး အချိုသတ်ထားတယ်ဗျ..၊ ဖေဖေ ကတော့ ပြောပြီးမေ့သွားတယ်.. ကျနော်မှာတော့ တနေ့တနေ့ ဂစ်တာကြီး ကြည့်ကြည့် ပြီး.. ဟင်း ငါ့ကို ဘယ်အချိန်များ သီချင်းသံထွက် အောင်တီးခိုင်းအုန်း မှာလည်း ဆိုပြီး အတော် ညစ်နေတာဗျ...။

နောက်တော့ ဖေဖေ က ဂစ်တာ ကို မမြင်ရင် ငါ့ ကို ဂီတာတီးခိုင်းဘို့ လည်း မေ့ သွားမှာပါလေ ဆိုပြီး.. တခါထဲ အမြစ်ပြတ် သွားအောင် ရောင်းစားလိုက်တယ်ဗျ...၊ ဒါက ကျနော် နဲ့ ဂစ်တာ တလက် လမ်းခွဲခန်း ပေါ့ (ဘယ် ကလောက် အနုပညာ မြောက်လိုက်သလဲ ဆိုတာ)..။

နောက်တခါ နာရီလေး အလှည့် နာရီလေး ကိုတော့ တော်တော် ချစ်တယ် ဆိုတော့ သေသေချာချာ ထိန်းသိမ်း ထားပါတယ်.. ၊ ဒါပေမဲ့ .. နာရီလေးက ကျနော့် ကို မချစ်ဘူးဗျ.. ဘယ်အချိန်က ပျောက်သွားမှန်း တောင် မသိတော့ပါဘူးဗျာ..အသံလေးတောင် မပေးပါဘူး..။

ဒါပေမဲ့ နာရီလေး ကြ ကျနော် က အတော် နှမြော တာဆိုတော့ နောက်တလုံးထပ်မှာ တယ်ဗျ..၊ ဖေဖေ ကလည်း ပို့ပေးပါတယ်..၊ ဒီတခါ နာရီလေးက ဒီဂျစ်တယ် နာရီလေးဗျ.. ဂဏန်းလေး တွေ ပေါ်နေတာ..၊ အဲဒီ ခေတ်ကတော့ အဲဒီလို နာရီမျိုး တချို့လူတွေ မြင်တောင် မမြင်ဘူးကြပါဘူး..၊ ကျနော် တန်ဘိုး ထားပုံကတော့ နာရီလေး က သူကိုယ်သူ water resistance လို့ ပြောနေတယ် ဆိုပြီး ရေစိမ် လို့စိမ် ရေဝတ်ချိုးလို့ချိုးနဲ့ နောက် နာရီလေး မှာ ရေငွေ့လိုလို ဘာလိုလို မကြည်မလင် တွေ့တာနဲ့ သူချမ်းလို့ နေမှာ ဆိုပြီး မီးသီးလေး မှာ နာရီလေး ပတ်ပြီး မီးကင် ပေးလိုက်တာ တခါထဲ အမြစ်ပြတ်ရောဆိုပါတော့..။

ကဲ.. ကျနော်လည်း ဟိုရောက် ဒီရောက်နဲ့ လျှောက်ရေးနေတာ .. စာဖတ်သူများကိုလည်း အားနာပါပြီ.. ဒီ  ပိုစ့် အဖို့တော့ ဒီလောက် နဲဘဲ နားလိုက်ပရစေတော့ဗျာ...။

ကျနော် အခုရေးတာ အားလုံးကို နဲနဲတော့ ချင့် ယုံကြပါဗျာ.. ဇောက်ထိုးဖတ်ရတဲ့ အဆင့်လောက် မဆိုး တောင် ၂၀ဒီဂရီလောက်တော့ စောင်းဖတ်ကြပေါ့ဗျာ..၊ ဖေဖေက ကျနော် အခု ဘလော့ဂ် ရေးနေတော့ သူ့ အကြောင်းကို မရေးနဲ့တဲ့ .. မေမေ အကြောင်း ကို တော့ လျှောက်ဖော်ကောင် လုပ်ပြီး အဲဒါတွေ ရေးဆိုလို့... ကျနော် ဖေဖေ အကြောင်းတွေ ရွေးပြီး သေချာရေးနေတာပါ...၊ ဖေဖေ ရေ အဖေ ဆိုတာ မရှိရင် သမီးဆိုတာ မရှိပါဘူး.. အခု သမီး ကသူ့အကြောင်း သူ ရေးနေတာ ဆိုတော့ ဖေဖေ အကြောင်း မပါလို့ မရတဲ့ အတွက် ခွင့်လွှတ်ပါ.... ရေးစရာ လေးတွေတော့ ရေးပရစေ....။
 
လေးစားစွာဖြင့်-ရွှေစင်ဦး

စာဖတ်သူ များ အတွက် အရေးပေါ် ကြေညာချက်..

(ဆိုင်မှာ အလုပ်သိပ်များ နေတဲ့ အတွက် ဒီနေ့ အဖို့ ပုံမှန် တင်နေကြ ၂ ပုဒ် မသေချာပါ... ကျနော့် စာလေးကိုဘဲ ခဏ အပျင်းပြေ ဖတ်ထားကြပါခင်ဗျား.. ကျန်စာ များကို တင်ရင်လည်း မိုးချုပ်မှ တင်နိုင်မယ်ထင်ပါတယ်...ကျေးဇူးပါ..)

No comments:

Post a Comment