Wednesday, July 27, 2011

ငယ်ဘဝများ (၁၃) နှင့် ရွှေစင်ဦး နံမည် အပြောင်းခံရခြင်း အပိုင်း (၁)

စာရေးသူ-ရွှေစင်ဦး

တောင်းပန် စကား နဲ့ ကျေးဇူးတင် စကား ပြောကြားခြင်း

ငယ်ဘဝလေး များ ကို ဖတ်ချင်တဲ့ ကိုကြီးကျောက် နဲ့ တခြား စာဖတ်သူများ အတွက် ကျနော် ငယ်ငယ် ကအကြောင်းလေး တွေနဲနဲ ရေးပြချင်ပါတယ်..။

ဒီ ပိုစ့် လေး ကိုမရေးခင် ကျနော့် ရဲ့ စာဖတ်သူ အသံ (၁) နဲ့ ပတ်သက်လို့ ဘလော့ဂ် ပေါ်တင်ပေးခဲ့ တဲ့ ကျနော့် ရဲ့ မရင့်ကျက် မှု့အတွက် အရင်ဆုံး တောင်းပန်ပါတယ်..၊ ပိုစ်လေး တင်ပြီးမှ ဝင်လာတဲ့ ကော့မန် တွေ ဆီပုံးထဲက စာတွေ ဖတ်ဖတ်ပြီး ပိုပိုပြီး ခံစားသွားရပါတယ်..၊ သြ.. ကျနော်ဟာ သူပြောသလို တကယ်ဘဲ မရင့်ကျက် သေးပါလားလို့ ခံစားမိပါတယ်..၊ ဒါကြောင့် နောက်ဆိုရင် ကျနော့် ကို ဝေဖန်ခဲ့ ကြရင် ကျနော်ဘာသာ တိတ်တိတ်ကလေး ဘဲပြုပြင်ပါတော့မယ်..၊ ဒီ စာဖတ်သူ အသံ (၁) ဟာ နောက်ဆုံးပါလို့ ပြောပရစေ..။

ဆက်လက်ပြီးတော့ ကျနော့် ကို တကယ် ချစ်ခဲ့ကြတဲ့ ကျနော့် ဘက်က ရန်ထောင်ပေးခဲ့ ကြတဲ့ ကျနော့် ရဲ့ ချစ်ညီမငယ်များ ကို ကျေးဇူးတင်ပါကြောင်းနဲ့ မန္တလေး လာခဲ့ ရင် အမောပြေ ရေ အေးအေး လေး တိုက်ပါမယ် လို့ ဂတိ ပေးပါတယ်.... နောက်ပြီး အားပေးခဲ့ ကြတဲ့ ချစ်မိတ်ဆွေများ ကိုလည်း ကျနော်  တကယ် ကို ကျေးဇူးတင် ပါတယ်..၊ ခင်ဗျားတို့ အားပေး စကားတွေကြားမှ တော်တော် တော်တဲ့ ငါ ပါလား (ဟင်း..ဟင်း..) ဆိုပြီး သိသွားတဲ့ အတွက်လည်း ပိုပို ပြီးတော့ ကျေးဇူးတင်ပါတယ် ခင်ဗျား..။

သူများ တွေလို ရန်ထောင်ရုံတင် မကဘူး လက်ပါ ပါဘို့ကျိုးစားခဲ့တဲ့ သူငယ်ချင်းကောင်းကြီး လမ်းမတော် ကြည်အေး ကိုလည်း ကျေးဇူးပါ.. ချစ်ချစ်ကြီး နဲ့ ရန်ဖြစ်ရင် လည်း အားကိုး ပရစေ လို့ ကြိုတင် ပြီးအကူအညီ တောင်းခံပရစေ..။

အားလုံးအားလုံး အထူးကျေးဇူးပါ
ရွှေစင်ဦး
ငယ်ဘဝများ (၁၃) နှင့် ရွှေစင်ဦး နံမည် အပြောင်းခံရခြင်း  အပိုင်း (၁)

ကျနော် ငယ်ငယ် က နံမည် အပြောင်းခံ ရသေးတယ်ဗျ..၊ အခုမှပြန်စဉ်းစားကြည့်တော့ ကျနော် ဟာ တော်တော် လူလည်ကြခဲ့တာ ပါလားလို့..၊ နောက်ပြီး ကျနော် နံမည် အပြောင်းခံခဲ့ ရတာက ငယ်ဘဝက ..၊ ဒါပေမဲ့ တချို့လူများစုက အခု အချိန်ထိ အဲဒီလိုဘဲ ခံယူထားကြတဲ့ အတွက်  ကျနော်တို့ တိုင်းပြည်ကြီး မတိုးတက် တာဘဲလို့ထင်ပါတယ်..၊  နောက်ပိုင်း မှာ အသေးစိတ် ဖော်ပြထားပါတယ်.. ဆက်လက် ဖတ်ရှု့ပါရန်..။

ကျနော့် ငယ်ဘဝများ ထဲမှာ ကျနော့် အကြောင်းနဲနဲ ပြောထားဘူး ပါတယ်..၊ ကျနော် ငယ်ငယ်က တော်တော် ဆိုးတယ် ဆိုတာလေ.. ဆိုးရုံတင် မကဘူးဗျ.. အင်မတန်လည်း လူရည်လည်တယ်..၊ ကောင်းတဲ့ဘက် မဟုတ်ဘူးနော် မကောင်းတဲ့ဘက်...၊ ဥပမာ တခုပြောရရင် ကျနော် ဟာ ၃-၄ တန်း မှာ အတန်းထဲမှာ ဗိုလ် ဆိုတာ ပြောခဲ့တယ် ထင်တယ်..၊ ဗိုလ် မှ တော်တော့် ဗိုလ် မဟုတ်ဘူး အချုပ်ကြီးဗျ..၊ ဥပမာ ဆိုရင် ကျောင်းဆင်းချိန်မှာ ကလေး အခြင်းခြင်း ကစားတဲ့ ပွဲ တွေ အကြောင်းကို နဲနဲပြောပြပါမယ်..၊ ကြိုးခုန်တမ်း ဆိုပါတော့ ၂ ယောက်က ကြိုးကိုင်ရတယ်..၊ ကျန်တဲ့ သူတွေက လိုက်ခုန် တယ်ပေါ့ .. အဲဒီမှာ ကြိုးနဲ့ ထိတဲ့ သူက တခါ ကြိုးကိုင်ပေါ့.. နောက် ကစားပွဲ ထဲ ပါချင်တဲ့ သူ အသစ်ရှိရင်လည်း သူက တခါ ကြိုး ကိုင်ပေါ့..၊ အဲဒီလို ကစားပွဲ တွေမှာ ကျနော် ဟာ ဘယ်တော့ မှ အရေးလုပ်ပြီး ကြိုးမကိုင် ခဲ့ ဘူး....၊ ထိ ထိ မထိထိ ဘယ်အချိန် ဝင်ခုန်ခုန်ပေါ့..၊ ဘယ်သူမှလည်း ကျနော့် ကို မပြောရဲဘူးဗျ.. ကျနော် ဘာလုပ်လုပ် ခံနေကြတယ်..မပြောရဲကြဘူး..။

နောက်တခါ ထုတ်စီးတိုးတန်း လိုမျိုးပေါ့.. တဘက်စီမှာ ခေါင်းဆောင် တယောက်စီ ပါရတယ်.. ဘက် ၂ဘက် ရှိတယ်.. တဘက်က ခေါင်သူကြီးကတော့ ကျနော့် ဘဲ ဆိုတာ ပြောစရာ မလိုဘူးထင်တယ်..၊ နောက် ငယ်သားတွေ ဘက်ခွဲတဲ့ အခါ ကျနော့် ဘက်က ..လက်ရွေးစဉ် တွေဘဲ ရလေ့ရှိတယ်..ရမှာ ပေါ့ ဗျာ.. အမြဲတန်း စီးဝါးကိုက် ထားတာကိုးဗျ...၊ တဘက်က ခေါင်သူကြီးက မကျေနပ်လို့ တခွန်းပြော မယ် မကျန်နဲ့ ကျနော့် ရဲ့ လေမုန်တိုင်း အောက်မှာ လွင့်သွားလိမ့်မယ်.. မကျေနပ် လည်း ငြိမ်ခံပြီး ကစားရတာဘဲဗျ..အဲဒါ ဗိုလ်ကျခဲ့ တဲ့ တပိုင်းတစ..။

နောက်တခါ အတန်းထဲမှာ ကျနော်နဲ့ မခေါ်တဲ့သူကို ဘယ်သူမှ မခေါ်ရဲ အောင်လုပ်လေ့ ရှိပါတယ်....၊ ကျနော် နဲ့ မခေါ်ရင် တတန်းလုံးရဲ့ ဝိုင်းဝန်း မခေါ်ခြင်းကို ခံရတယ်..၊ အဲလောက် အစွမ်း ကြီးမားပါတယ်..၊ ကျနော်လည်း အခုမှ ပြန်စဉ်းစားမိတယ်.. ဘာကြောင့်များ ဒီလောက် ဆိုးခဲ့ သလည်း၊ ဗိုလ် ကျခဲ့ သလည်း ဆိုတာ... မသိတော့ဘူးဗျာ..  ဆိုးလို့ လို့ သာ မှတ်လိုက်တော့ အဲဒါ အမှန်ဆုံးဘဲ..၊ အသေးစိတ် တော့ မမှတ်မိတော့ဘူး..။

ပညာရေးနဲ့ ပတ်သက်ရင်တော့ ဘယ်တော့ မှ မတော်ခဲ့ တဲ့ ကျနော်ဟာ ငယ်ငယ်တုန်းက ဆိုရင် ပိုဝေးပေါ့..၊ အမြဲတန်း မှင်နီ တရဲရဲ နဲ့ပေါ့..၊ တခါတော့ ကျနော်ဟာ ရီပို့ကဒ် လေး ကိုင်ပြီး ခပ်ငိုင်ငိုင် လုပ်နေခဲ့တယ်..၊ တချိန်လုံး အတန်းထဲမှာ ဘယ်လိုဘဲ ဗိုလ် ကျကျ ဆရာမ ကို ဗိုလ် ကျမရတော့ ဘိတ်ချီးဟာ ဘိတ်ချီးဘဲ ပေါ့ဗျာ.. အတန်းထဲမှာ လူ ၅၀ ရှိတယ် ဆိုရင် ကျနော့် အဆင့်ဟာ ရှေ့ ၄၀ နောက် ၁၀ ပေါ့ မှင်နီ က ၂ချောင်း၃ချောင်းပေါ့ အဲဒီလို အမြဲတန်းဗျ..။

အဲဒီ မှင်နီ တရဲရဲ နဲ့ ရီပို့ကဒ်လေး ကိုကိုင် ပြီး ခပ်ငိုင်ငိုင် လုပ်နေတဲ့ ကျနော်ဟာ ကျနော့် အမှတ်လေးတွေ ပြန်ကြည့် မိတယ်.. မြန်မာစာ..၄၅ မှတ် (စာဖတ်ပေမဲ့ စားလုံးပေါင်းမှားတဲ့ အကျိုးပေါ့) ၊ သချာင်္...၈၀ (ဖဲရိုက်တဲ့ အကျိုးပေါ့ဗျာ)၊ နောက်တော့ အင်္ဂလိပ်စာ..၂၀ (ဒါကတော့ ကျနော့် ဖေဖေ ရဲ့ ပြုစုပျိုးထောင်မှု့ပေါ့)၊ မယုံဘူးလား တကယ်ပြောတာ.. ကျနော် ငယ်ငယ်က ၅တန်းရောက်မှ အင်္ဂလိပ်စာ သင်ရတယ်..၊ အဲဒီ အကြောင်းလည်း နဲနဲ ပြောချင်တယ်..။

ကျနော် က အင်္ဂလိပ်စာတွေ သင်ရတော့ ဝမ်းသာအားရပေါ့ ဗျ...ညညကြ စာအော်ကျက်တယ်ဗျ.. book ဘွတ်ခ် စာအုပ်ပေါ့ ruler ရူးလား ပေတံပေါ့... အမယ်လေးဗျ.. စာကျက် လို့တောင် ပါးစပ် မပိတ်သေး ပါဘူး.. မိုးခြုန်း သံအလား ကျနော့် ဖေဖေ အသံက ထွက်လာပါတယ်.. ဟိတ် ရွှေစင်ဦး နင့်ကို book ဘွတ်ခ် စာအုပ်လို့ ဘယ်သူက ပြောလည်း..တဲ့ဗျာ.. ကျနော် လည်း နဂိုကမှ စမ်းတ၀ါးဝါးလုပ်နေတဲ့ အထဲ သူက အဲဒီလိုပြောလိုက်တော့ ကြောက်ကြောက်နဲ့ ဆရာမ ထင်တာဘဲ ဆိုတော့.. ဟင်း နင့် ဆရာမ လည်း အလကား ဘဲတဲ့ ဘွတ်ခ် မှာ တခြားအဓိပ္ပါယ် တွေ ရှိသေးတယ် ဆိုတာ နင်မသိဘူးလားတဲ့..(စာအုပ် ဆိုတာတောင် မသိသေးလို့ ခဏခဏ အရိုက်ခံ နေရပါတယ် ဆိုမှ ဗျာ) မသိပါဘူး လို့ ပြောလိုက်တော့..၊ သွား တဲ့ ငါစားပွဲပေါ်က ဒစ်ရှင်နရီ ယူခဲ့ ဆိုပြီး အင်္ဂလိပ်စာ သင်ကြား ရေး.. အထူ သင်တန်းကြီး (စာအုပ်ကြီးက အထူ ကြီးဗျ) စလိုက်တာပါဘဲဗျာ......၊ a အသေးနဲ့ A အကြီးတောင် အတူတူ ဘဲ ဆိုတာ မသိလို့ အဗျင်း ခံနေရတဲ့ ကျနော်လည်း ဒစ်ရှင်နရီ ကြီး  ကို မနိုင်တနိုင် မ လာပြီး...အဟင့်..ဟင့် ပေါ့..။

အပိုင်း (၂) ဆက်လက်ဖတ်ရှု့ပါရန်..

No comments:

Post a Comment