Saturday, August 6, 2011

ကိုယ့်အကြိုက် (ထမီလေး တထည်)

စာရေးသူ-ရွှေစင်ဦး

သူငယ်ချင်း ချစ်ကြည်အေး က တက်ဂ်ထားတယ် ဆိုလို့ ဘာခေါင်းစဉ်လည်း ဆိုတာ အပြေးအလွှား သွားကြည့် မိတယ် ခင်ဗျား.. အမယ်လေး..လေး အောက်ပိုင်း တက်ဂ် ကြီးပါလား..(အထင်တော် မလွဲ လိုက်ပါနဲ့ ထမိန်တော် ပါတဲ့ခင်ဗျား)...ကျနော်လည်း တနေ့တနေ့ ထီးသုံး နန်းသုံး တွေ ဖတ်ရလွန်းလို့  အကျင့် ပါသလိုတောင် ဖြစ်နေပြီ..။

ကဲ..ချစ်ညီမ ရေ ထမိန် တက်ဂ် တဲ့ဟေ့ ဆိုပြီး.. တဝုန်းဝုန်း နဲ့ အပေါ်ပြေးတက် ဘီရို တံခါးဖွင့် ပြီး ထမီ တွေ ဆွဲထုတ်တယ်ခင်ဗျား..၊ ချစ်ညီမက..နောက်က ပြေးလိုက်လာပြီး ခင်ဗျား ဒါဘာလုပ်တာလဲ တဲ့..ကျနော် လည်း ခပ်တည်တည် နဲ့ ဘာလုပ်ရမှာလည်း သူငယ်ချင်းက တက်ဂ်ထားလို့ ထမိန် တွေ ဓါတ်ပုံရိုက် မလို့လို ပြောလိုက် တယ်ခင်ဗျား..။

ချစ်ညီမက တဟားဟား နဲ့ အော်ရီတယ်...၊ အမယ် ခင်ဗျားက ဒီထမိန် တွေ ဓါတ်ပုံ ရိုက်ပြီး ဘလော့ဂ် ပေါ်တင်အုန်းမယ် ဟုတ်လား..၊ အမယ်လေး  ခင်ဗျားမလို့ မရှက်တယ်တဲ့.. အဲဒါနဲ့ ကျနော် လည်း စိတ်ဆိုးသွားပြီး..ဟေ့ မင်းစကားကို ဆင်ဆင်ချင်ချင် ပြောရင် ကောင်းမယ်..၊ ဒို့ ဘလောဂ် ညီအမတွေစီ မင်းသွားကြည့်လိုက်အုန်း အားလုံး ဒီလို တင် နေကြတာဘဲ.. ထမီ လေးတွေ မှ လှမှလှ...၊ ဘာရှက် ရမှာလည်း.. လို့ ပြောလိုက်တယ်..။

အင်း...ခင်ဗျား..မဲ မနိုင်တာလည်း မပြောနဲ့ တော်တော် တုံးတာ..အဲဒါတွေက ရှယ်တွေ ဗျ..၊ ခင်ဗျား မှာ ဘာများ အကောင်းရှိလို့လည်းတဲ့..၊ ဘာ မကောင်းရမှာလည်း ငါလည်း အခုဝတ်နေတာဘဲ ဆိုတော့ ခင်ဗျား ဟာတွေက တခုမှ တန်းမဝင်ဘူး.. အကုန်လုံး အပြဲ နဲ့ အဖာ နဲ့ အစွန်း နဲ့ ပြီးတော့ အပေါစား တွေ တဲ့..အေးအေး နေပါ ကိုယ့်အမရယ်..ရှက်စရာတွေ မလုပ်စမ်းပါနဲ့တဲ့...။

ကဲ..သူငယ်ချင်း ရေ ကြားတဲ့ အတိုင်းဘဲ...၊ ကိုယ့်မှာ အခုတလော မဲဆွယ်ပွဲ အတွက် မအားလပ် ရအောင် အလုပ်များ နေတော့ ချစ်ညီမ နဲ့ ချစ်ချစ်ကြီးကို မျက်နှာချို သွေးနေရတယ်.. တနေ့တနေ့ ကွန်ပျူ တာ ရှေ့က မခွာဘဲ ဘလော့ဂ်ရှု့..ဘလော့ဂ်ထိုင် လုပ်ပြီး ဘလော့ဂ်တရားနာ နေတာနဲ့..ဆိုင်လည်း ပစ်ထား တာဆိုတော့..ချစ်ညီမက ထိန်းသိမ်း စောင့်ရှောက်နေရတဲ့ အတွက် သူ့စကား ကို နာခံမှ ဖြစ်မယ် ကွယ်..။

ဒါပေမဲ့ သူငယ်ချင်းရေ..ကိုယ် အကြိုက်ဆုံး ထမိန် လေးတထည် တော့ ရှိတယ်..ပြောပြမယ်နော်..
ဆရာမ နုနုရည် (အင်းဝ) ရဲ့   ပထမဆုံး ဝတ္ထုတို လေး ဖြစ်တဲ့ ထမိန်လေး တထည် ( ပေဖူးလွှာ မဂ္ဂဇင်း ) ကိုတော့ အသဲထဲမှာ စွဲနေအောင် ကြိုက်မိပါရဲ့.......

သူငယ်ချင်း  ချစ်ကြည်အေး ကျေနပ်မယ် ထင်ပါတယ်

လေးစားစွာဖြင့်
ရွှေစင်ဦး
 

No comments:

Post a Comment